Momentum

Aug 15 at 8:11 p.m

တစ်နာရီ ၁၀ မိုင်နှုန်းနဲ့လာတဲ့ စက်ဘီးတစ်ဘီး သစ်ပင်ကို ဝင်တိုက်တာနဲ့ တစ်နာရီ ၁၀ မိုင်နှုန်းနဲ့ မောင်းလာတဲ့ ကားတစ်စီး သစ်ပင်ဝင်တိုက်တာ၊ ဘယ်သူက အားပိုပြင်းမလဲ။ တစ်နာရီ ၁၀ မိုင်နှုန်းနဲ့ မောင်းလာတဲ့ ကားအသေးလေးနဲ့ တစ်နာရီ ၁၀ မိုင်နှုန်းနဲ့မောင်းလာတဲ့ ကုန်တင်ကားဆိုရင်ရော၊ ဘယ်သူက တိုက်အားပိုပြင်းမလဲ။ အဖြေကို မင်းတို့လည်း ရိပ်မိမှာပါ။ စက်ဘီးနဲ့ ကားဆို ကားက တိုက်အားပိုပြင်းမယ်။ ကားအသေးနဲ့ ကုန်တင်ကားကြီးဆို ကုန်တင်ကားက ပိုအားပြင်းမယ်။ Why? ဘာဖြစ်လို့လဲ။ အရွယ်အစားကွာလို့ပေါ့။ ဒါဆို နောက်တစ်မျိုး စဉ်းစားကြည့်ရအောင်။ တစ်နာရီ ၁၀ မိုင်နှုန်းနဲ့ မောင်းလာတဲ့ ကုန်တင်ကားကြီးနဲ့ တစ်နာရီ မိုင် ၄၀ နှုန်းနဲ့ ကုန်တင်ကားဆိုရင်ရော .. အဖြေက ဘယ်လိုဖြစ်သွားမလဲ။ အရွယ်အစားအတူတူဖြစ်ပေမယ့် မိုင် ၄၀ နှုန်းနဲ့မောင်းလာတဲ့ ကားက ဝင်တိုက်ရင် 'အုန်းခနဲ' နေမှာပဲ။ ဟုတ်လား။ အဲဒီဖြစ်လာမယ့် အားအရှိန်ကို အဟုန်(momentum)လို့ခေါ်တယ်။

ဒါဆို ဖြစ်လာမယ့် အဟုန်ဆိုတာ အရွယ်အစားပေါ်မှာလည်း မူတည်တယ်။ သူလာတဲ့အမြန်နှုန်းပေါ်မှာလည်း မူတည်တယ်ဆိုတာ ထင်ရှားပြီ။ အမြန်နှုန်းတူရင် အရွယ်အစားကြီးတဲ့ကောင်က အဟုန်မိုများမယ်။ အရွယ်အစားတူရင်အမြန်နှုန်းများတဲ့ကောင်က အဟုန်ပိုများမယ် ..ဟုတ်လား။ တိတိကျကျပြောရရင် အရွယ်အစားဆိုတာ ဒြပ်ထု(mass)ကိုပြောတာ၊ အမြန်နှုန်းဆိုတာ အလျင် (velocity)ကိုပြောတာ။ ဆိုတော့ အဟုန်ဆိုတာ mass နဲ့ velocity ပေါ်မှာ တိုက်ရိုက်အချိုးကျတယ်ပေါ့။ အဟုန်ကို P လို့ သင်္ကေတပြုမယ်ဆိုရင် -

p = m v


ဘာလို့ အမြန်နှုန်း(speed)ကို မသုံးဘဲ အလျင် (velocity)ကို သုံးရတာလဲဆိုတော့ အဟုန်က vector matter ဖြစ်နေလို့ပဲ။ သူ့မှာ သီးသန့်ယူနစ်မရှိဘူး။ mass နဲ့ velocity တို့ရဲ့ ယူနစ်တွေကိုပဲ ပြန်သုံးတယ်။ ဒါကြောင့် momentum ရဲ့ယူနစ်က SI unit မှာ kg ms -1 ဖြစ်တယ်။

အဟုန်ကို နားလည်ရင် နောက်တစ်ဆင့်တက်ကြည့်ရအောင်။ နယူတန်ရဲ့တတိယနိယာမကို မှတ်မိသေးတယ်မှတ်လား။ (မမှတ်မိရင် လေ့လာရန်) ။သက်ရောက်အားအတွက် တန်ပြန်သက်ရောက်အား ရှိတယ်ဆိုတာလေ။ဥပမာ အရာဝတ္ထု A နဲ့ B ကြားမှာ ဒြပ်ဆွဲအား 10N ဖြစ်လာတယ်ဆိုပါတော့။ အဓိပ္ပါယ်က A က B ကို 10N အားနဲ့လှမ်းဆွဲတာဖြစ်သလို B က A ကို 10N အားနဲ့ ပြန်ဆွဲနေတာ။ သချာင်္လိုဆိုရင် F AB ကလည်း 10N၊ FBA ကလည်း 10N ပေါ့။ ဒါပေမယ့် direction ကတော့ ကွာမယ်။ တစ်ခုက အနောက်ဆို တစ်ခုက အရှေ့ဖြစ်မယ်။ဒါကြောင့် သချာင်္လိုညီမျှခြင်း ချရေးမယ်ဆိုရင် -

FAB = - FBA


A ရဲ့အဟုန်နဲ့ B ရဲ့အဟုန်နဲ့ ပေါင်းရင် သုညတဲ့။ အဓိပ္ပါယ်က သူတို့နှစ်ခုရဲ့အဟုန်ပေါင်းလဒ်ဟာ ကိန်းသေဖြစ်နေတယ်၊မပြောင်းဘူးပေါ့။ တစ်နည်းအားဖြင့် တည်မြဲတယ်။ ဒီအချက်ကို ချဲ့ပြီးစဉ်းစားကြည့်ရင် တစ်ခုရဲ့အဟုန်က တိုးသွားမယ်ဆိုရင် ..သေချာတယ်၊ ဒုတိယကောင်ရဲ့အဟုန်က လျော့သွားရမယ်။ အဲဒီတိုးသွားတဲ့အဟုန်နဲ့ လျော့သွားတဲ့အဟုန်က အတူတူပဲဖြစ်ရမယ်။ ဆိုပါစို့... တစ်ခုက အဟုန် ၁၀ ဖိုးတိုးသွားရင် နောက်တစ်ခုက ၁၀ဖိုး လျော့သွားရမယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ ဘေးက ဘာအနှောင့်အယှက်မှ မပါရဘူး။ တိတိကျကျပြောရရင်တော့ စနစ်တစ်ခုအတွင်းမှာရှိတဲ့ အရာဝတ္ထုတွေရဲ့ အဟုန်ဟာ (ပြင်ပအနှောင့်အယှက်မရှိသရွေ့) တည်မြဲတယ်။ အဲဒါ အဟုန်တည်မြဲခြင်းနိယာမ (law of conservation of momentum)ပဲ။

အဟုန်တည်မြဲခြင်းနိယာမ


အရာဝတ္ထုနှစ်ခုပါဝင်သော အဖွဲ့အစည်းတစ်ခုပေါ် ပြင်ပအသားတင်အား သက်ရောက်ခြင်းမရှိပါက ထိုအရာဝတ္တုနှစ်ခု၏ စုစုပေါင်းအဟုန်သည် မြဲ၏ (ကိန်းသေဖြစ်၏)။


၉-တန်းမှာတော့ အရာဝတ္ထု နှစ်ခုလို့ပဲ ပြောထားတယ်။ (ဒါပေမယ့် အမှန်က နှစ်ခုရယ်မဟုတ်ဘူး၊ စနစ်တစ်ခုအတွင်းမှာရှိသမျှ အရာဝတ္ထုတွေအားလုံးရဲ့ စုစုပေါင်းအဟုန်က တည်မြဲတယ်)

ဥပမာ ဂေါ်လီလုံး A ကရွေ့နေတယ်။ သူရဲ့အဟုန်က 10 ရှိတယ်။ ဂေါ်လီလုံး B ကလည်း ရွေ့နေတယ်။ အဟုန် 20 ရှိတယ်။ ဒီကောင်တွေ ဝင်တိုက်မိမယ်။ ပြီးရင် လွင့်ထွက်သွားမယ်။ အဲ့ဒီအခါမှာ သူတို့ရဲ့ အလျင်တွေက ပြောင်းသွားမှာပဲ။ စောစောကနဲ့တော့ ဘယ်တူတော့မလဲ .. ဟုတ်လား။ အလျင်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊ အဲ့ဒီကောင်တွေရဲ့အဟုန်ပေါင်းလဒ်က အတူတူပဲ ဖြစ်နေရမယ်။ ဝင်မတိုက်ခင်တုန်းက စုစုပေါင်း အဟုန်က 30 ရှိရင် ဝင်တိုက်ပြီးသွားရင်လည်း စုစုပေါင်းအဟုန်က 30 ပဲဖြစ်ရမယ်။ မတိုးရဘူး၊ မလျော့ရဘူး။

ရူပဗေဒ မှာ အဲ့လိုတည်မြဲခြင်းနိယာမတွေဟာ အရမ်းအရေးကြီးပြီး အရမ်းလည်း စွမ်းတဲ့နိယာမတွေ ဖြစ်တယ်။ ထင်ရှားတဲ့ တည်မြဲခြင်းနိယာမတွေက စွမ်းအင်-ဒြပ်ထု တည်မြဲခြင်းနိယာမ၊ လျှပ်စစ်တည်မြဲခြင်း နိယာမတွေပဲ။ တည်မြဲခြင်းနိယာမတွေက ဘာလို့အရေးကြီးပြီး စွမ်းရသလဲဆိုတော့ ကိန်းသေတန်ဖိုးတစ်ခုကို သိနေလို့ပဲ။ဥပမာ အဟုန်တည်မြဲခြင်း နိယာမဆိုပါစို့။ အထက်ကဥပမာမှာ ပြောခဲ့သလိုပဲ .. တန်ဖိုးမပြောင်းဘူးဆိုတာ သိနေတော့ A ရဲ့ အလျင်ကိုသာ သိထားမယ်ဆိုရင် B ရဲ့ အလျင်ကိုလည်း သေချာပေါက်သိပြီ။ ဒီထက်ပိုပြောရရင် system တစ်ခုမှာ တစ်ခုခုကို သိခဲ့ရင် တစ်ခုလုံးကို သိနိုင်တယ်။

Related Articles