frequency ၂-ခုရဲ့ တန်ဖိုးတွေက မတိမ်းမယိမ်းတွေ။ အဲ့လို frequency ၂-ခုကို တပြိုင်နက်ထုတ်လွှင့်လိုက်မယ်ဆိုရင် အဲဒီနှစ်ခုဟာ (စစချင်းမှာ ထပ်တုဖြစ်နိုင်ပေမယ့်) မကြာခင်မှာပဲ တစ်ခုရဲ့လှိုင်းက နောက်တစ်ခုရဲ့လှိုင်းကို လုံးဝဖျက်ပယ်လိမ့်မယ်။ ပြီးရင်တော့ ပြန်တူသွားမယ်၊ နောက် ပြန်ဖျက်မယ်။ အဲ့လိုနဲ့ အသံကို အနှောင့်အယှက်ပေးမယ်။ ဂီတသံတွေမှာ တွီခနဲအသံတွေ ကြားရတာ ဒီလိုကြောင့်ပဲ။ ဂီတာတစ်လက်နဲ့တစ်လက် frequency တွေ တူသွားအောင် ဂီတသမားတွေ အသံညှိတာ ဒီလိုတွေ မဖြစ်အောင်လို့ပေါ့။ အဲ့လိုအနှောက်အယှက်အသံမျိုးကို beat သံလို့ ခေါ်တယ်။ နောက် ကြေးစည်နှစ်ခုကို တပြိုင်နက်နီးပါးတီးလိုက်ရင် ' ဒူ .. ဝေ ဝေ ဝေ 'လို့ ကြားရမယ်။ အဲဒီနောက်က ဝေ ဝေ ဆိုတဲ့ အသံက beat သံပဲ။ တစ်ခွန်းတည်း ပြန်ပြောရရင် beat သံဆိုတာ frequency သိပ်မကွာတဲ့အသံနှစ်ခုကြောင့် ဖြစ်သွားတဲ့ အနှောင့်အယှက်အသံကို ခေါ်တာ။
When two sound waves of equal intensity (amplitude) but slightly difference frequencies interfere, the resultant wave is a pulsed disturbance with a beat frequency.
လွှဲကျယ်တူညီသော်လည်း ကြိမ်နှုန်းအနည်းငယ်ကွဲပြားသော အသံလှိုင်းနှစ်ခု တစ်ခုကိုတစ်ခု ဖြတ်သွားသောအခါ (ဖြစ်လာသော) အကျိုးရလဒ်လှိုင်းသည် beat frequency နှင့် နှောင့်ယှက်သံဖြစ်လာတတ်သည်။
ကိုယ်တို့ရဲ့နားက frequency နှစ်ခုရဲ့ကွာဟချက်ကို 0.3% လောက်ထိ detect လုပ်ပေးနိုင်တယ်။ တစ်စက္ကန့်မှာ beat သံ ဘယ်လောက်ကြားရမလဲဆိုတဲ့ (beat frequency) ကတော့ မူရင်း frequency နှစ်ခုရဲ့ ခြားနားချက်ပဲ။ သင်္ချာလိုဆိုရင် -fb = f2 - f1 ပေါ့။ (ကြီးတာထဲက ငယ်တာကို နှုတ်တာ)
fb = f2 - f1
အဲဒီတော့ မင်းတို့က မေးမယ် .. frequency သိပ်မကွာတဲ့အခါ ဖြစ်တာဆိုတော့ သိပ်ကွာသွားရင်ရော beat သံ မထွက်တော့ဘူးလား။ ဥပမာ - frequency 400 Hz နဲ့ frequency 800 Hz ဆိုပါတော့ .. equation အရတော့ fb ကို တွက်လို့ရမှာပဲ။ (800-400=400) ဆိုပြီးတော့ .။ အဲဒီ fb = 400 Hz ကို ကိုယ်တို့မကြားနိုင်ဘူးလား။ အဖြေက အသံကိုတော့ ကြားရမယ်။ ဒါပေမယ့် beat အသံအနေနဲ့တော့ မဟုတ်ဘူး။ သီးခြားအသံအနေနဲ့ ကြားရမှာ။ beat သံကို ကြားရမယ် ဆိုရင်လည်း ဘယ်ဂီတမှ ဖြစ်လာမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဂီတ၀ိုင်းမှာ တူရိယာမျိုးစုံက frequency မျိုးစုံနဲ့ အသံမျိုးစုံကို ထုတ်နေတာ။ အဲဒီအကောင်တွေ အားလုံးအတွက် beat သံသာ ကြားရရင် ဂီတသံလို့ ဘယ်နှယ့်လုပ် ခံစားမလဲ။ အထက်မှာပြခဲ့တဲ့ beat သံ 400 Hz ဆိုတဲ့အဓိပ္ပါယ်က တစ်စက္ကန့်မှာ beat သံ အခါ 400 ဖြစ်မယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ (ကြိမ်နှုန်းဆိုတာ တစ်စက္ကန့် အတွင်း ဖြတ်သွားတဲ့ လှိုင်းအရေအတွက်လေ) အဲ့ဒါကိုသာ ကြားရရင် သေရောပေါ့။ သဘောကောင်းတဲ့ ဘုရားသခင်က ကိုယ်တို့နားတွေကို အဲ့လောက်ကြီး အစွမ်းထက်အောင် လုပ်မပေးထားဘူး။ နို့ ဘယ်လောက်ထိ ကြားရနိုင်လဲဆို 20Hz,30Hz လောက်ထိ ကြားရနိုင်တယ်။ ဒီ့ထက်များရင် အဲဒီ beat သံကို မကြားရတော့ဘူး။ (အလင်းလည်း အဲဒီအတိုင်းပဲ။ တစ်စက္ကန့်အတွင်း အရောင် 20-30 လောက် ပြောင်းသွားတဲ့ အလင်းတွေကို ကိုယ်တို့မျက်လုံးက detect မလုပ်နိုင်ဘူး)