Properties of Stationary wave
Aug 14 at 11:09 p.m

stationary wave ကို progressive wave နဲ့ ယှဉ်ကြည့်ရအောင်။ ဘာတွေများထူးသွားမလဲ။ ပထမဆုံးကွာခြားချက်ကိုတော့ ကျွန်တော်တို့လည်း မြင်ပါတယ်။ သူ့မှာ ဘက်ပြန်လှိုင်း (reflected wave) ရှိတယ်။နောက်ထပ် ဘာများထူးသေးလဲ။ ပုံကို သေသေချာချာကြည့်ကြည့်၊ ထူးခြားချက်မြင်လား။ မမြင်ရင် အောက်ကပုံကို ထပ်ကြည့်။ ကြိုးရဲ့လှုပ်ရှားမှုကို အမှတ်လေးတွေ မြင်ကြည့်လိုက်ရင် (ပုံအရ) လုံးဝမလှုပ်တဲ့အမှတ်နေရာလေးတွေ ရှိနေတာကို တွေ့ရမယ်။ အဲလိုပဲ အလှုပ်အများဆုံး အမှတ်နေရာကိုလည်း တွေ့ရမယ်။ ဒါ stationary wave ရဲ့ထူးခြားချက်ပဲ။ (progressive wave မှာ အဲလို အမှတ်နေရာမျိုး လုံးဝ မရှိဘူး) လုံးဝမလှုပ်တဲ့ အမှတ်နေရာကို node လို့ခေါ်တယ်။ အလှုပ်အများဆုံးနေရာတွေကိုတော့ antinode လို့ခေါ်တယ်။ လုံးဝမလှုပ်ဘူးဆိုတော့ node ရဲ့ အရွေ့ (displacement) က သုည ပေါ့။ အလှုပ် အများဆုံးနေရာ (anti-node) ရဲ့ displacement ကတော့ maximun အမြှင့်ဆုံးပေါ့။

A point of zero displacement in a stationary wave is called a node.(OR)
The certain points remain stationary all the time are called nodes.

တန့်လှိုင်းတစ်ခုရှိ အရွေ့သုညရှိသောအမှတ်ကို နုတ်ဟုခေါ်သည်။(သို့)
တစ်ချိန်လုံး မလှုပ်မရှား ငြိမ်နေသော အမှတ်များကို နုတ်မှတ်များဟု ခေါ်သည်။

A point of maximum displacement in a stationary wave is called an antinode.(OR)
The mid-points between successive nodes are called antinodes.

တန့်လှိုင်းတစ်ခုရှိ အရွေ့အများဆုံးရှိသောအမှတ်ကို အင်တီနုတ်ဟုခေါ်သည်။ (သို့)
ကပ်လျက်နုတ်နှစ်ခုကြားရှိ အလယ်မှတ်များကို အင်တီနုတ်မှတ်များဟု ခေါ်သည်။

node တွေ၊ antinode တွေ ရှိတာဟာ stationary wave ရဲ့ ထူးခြားချက်ပဲ။ နောက်ထပ် ထူးခြားချက်တစ်ခုရှိသေးတယ်။ stationary wave တွေမှာ ရှေ့ကို သွားတဲ့လှိုင်း (incident wave)နဲ့ ဘက်ပြန်လာတဲ့လှိုင်း (reflected wave)ဆိုတာ ရှိတယ်လို့ပြောခဲ့တယ်နော်။ ပုံမှာလည်း မြင်သာပါတယ်။ အဲဒီ incidnet wave နဲ့ reflected wave ဘာကွာလဲ (ဘာထူးခြားလဲ)။ ထူးခြားချက်က အဲဒီလှိုင်းနှစ်ခုက ခေါက်ချိးညီနေတာပဲ။ ခေါက်ချိုးညီတယ်ဆိုတဲ့ အဓိပ္ပါယ်က အဲ့ဒီလှိုင်းနှစ်ခုဟာ တစ်ခုနဲ့တစ်ခု လုံးဝတူနေတယ်လို့ပြောတာ။ ပိုပြီးတိတိကျကျပြောရရင် ကြိမ်နှုန်း၊ လွှဲကျယ်၊ အလျင်..အဲဒါတွေ အကုန်တူနေလို့ ပြောတာ။ မတူတာက direction ပဲ။ ဟုတ်တယ်လေ တစ်ခု အရှေ့၊ တစ်ခုက အနောက်။ ထူးတာက အဲ့လိုချွတ်စွတ်တူတဲ့ ဘက်ပြန်လှိုင်းမျိုးက ဖြစ်ချင်တိုင်း မဖြစ်ဘူးတဲ့
စပရိန်၊ကြိုးတစ်ခုရဲ့ တစ်ဖက်ကို အသေချည်ပြီး တစ်ဖက်ကလက်နဲ့လှုပ်တဲ့ ဥပမာကိုပြန်ကြည့်။ မင်းလက်လေးကို ဖြည်းဖြည်းနဲ့ ခပ်သာသာလေးလှုပ်ကြည့်၊ ဒါမှမဟုတ် အားနဲ့ တအားစောင့်ပြီး လှုပ်ကြည့်။ စောစောကလို အချိုးညီတဲ့၊ လှပတဲ့ ဘက်ပြန်လှိုင်းမျိုး မဖြစ်တော့ဘူးဆိုတာ တွေ့ရလိမ့်မယ်။ တစ်နည်းပြောရရင် stationary wave မဖြစ်တော့ဘူးပေါ့ကွာ။

စာသံပေသံပါပါပြောရရင် stationary wave ဟူသည် သတ်မှတ်ကြိမ်နှုန်းတစ်ခု (frequency) ၌သာ ဖြစ်နိုင်သည် ..ပေါ့။ ဖြစ်ချင်တဲ့ ကြိမ်နှုန်းနဲ့ မဖြစ်ဘူး။ ကြိမ်နှုန်းတိုင်းအတွက် stationary wave မရှိနိုင်ဘူးလို့ပြောတာ။ အဲဒီ stationary wave ကို ဖြစ်စေတဲ့ frequency မျိုးကို harmonic frequency လို့ခေါ်တယ်။ (အတိုချုံးပြီး harmonic လို့လဲ ခေါ်ကြတယ်) ဆိုတော့ harmonic ဆိုတဲ့ အသုံးအနှုန်းဟာ stationary wave နဲ့ပဲ ဆိုင်တယ်လို့ မှတ်ထားပါ။ ကဲ.. ဒါဆို stationary wave ဆိုတာ ဘာလဲ...တော်တော်ရှင်းလောက်ပါပြီပေါ့..။ ပြီးတော့ ဒီလိုလှိုင်းမျိုးဟာ ကြိုးတွေမှာပဲ ပေါ်လာမယ်ဆိုတာလည်း ရိမ်မိမှာပဲ...ဟုတ်လား။ကောင်းပြီ..ဆက်ပြီး..ကြိုးတွေမှာဖြစ်လာတဲ့ stationary wave တွေရဲ့ ဂုဏ်သတ္တိတွေကို လေ့လာကြည့်ရအောင်။

စကားဖြတ်လို့ ပြောရရင် အခုဆို လှိုင်းတစ်ခုကို နာမည်သုံးမျိုးတက်လို့ရပြီပေါ့။ ဥပမာ - အလင်းလှိုင်းဆိုရင် ကြားခံနယ်မလိုလို့ electromagnetic wave၊ လှိုင်းရဲ့ဦးတည်ဖက်နဲ့ ကြားခံနယ်ရဲ့အလှုပ်တို့က ထောင့်မတ်ကြနေလို့(ကန့်လန့်လွှဲဖြစ်နေလို့) transverse wave၊ စဖြစ်တဲ့နေရာကနေ အဝေးကိုေ ရာက်သွားလို့ progressive wave၊ အသံလှိုင်းဆိုရင် ကြားခံနယ်လိုလို့ mechanical wave၊ လှိုင်းရဲ့ ဦးတည်ဖက်နဲ့ ကြားခံနယ်ရဲ့ အလှုပ်တို့က ဦးထည်ဖက်တူနေလို့ longitudinal wave၊ စဖြစ်တဲ့နေရာကနေ အဝေးကို ရောက်သွားလို့ progressive wave ။