ရွေ့လျားခြင်း(motion)ဆိုတာ မင်းတို့နဲ့အရင်းနှီးဆုံး၊အကျွမ်းဝင်ဆုံး အရာတစ်ခုပဲ။ကားကြီးရွေ့သွားတယ်၊စက်ဘီးကြီးရွေ့သွားတယ်။ လူရွေ့သွားတယ်.....ဟုတ်လား။နေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စပဲ။ပြီးတော့ အရာဝတ္ထုတိုင်းဟာ ရွေ့နေကြတယ်။ကိုယ်တို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးက ရွေ့နေတယ်။မင်းတို့လည်းကြားဖူးမှာပါ......ကမ္ဘာက နေကို ပတ်နေတယ်ဆိုတာ.....။ကမ္ဘာကြီးရွေ့နေတယ်ပေါ့ကွာ။တစ်မိနစ်ကို ၁၉ မိုင်နှုန်း(တစ်နာရီကိုမိုင် ၇၀၀၀၀နှုန်း)နဲ့ရွေ့နေတယ်။နေကြီးကိုပတ်နေတယ်ပေါ့ကွာ။တစ်ခါသူပတ်နေတဲ့ နေကလည်း ငြိမ်ငြိမ်လေးနေတဲ့ကောင်မဟုတ်ဖူး။ကိုယ်တို့ရဲ့ မစ်ကီးဝေးဂလက်ဆီဆိုတဲ့ ကြယ်စုကြီးကိုပတ်နေတယ်။(ဂလက်ဆီဆိုတာ ကိုယ်တို့လို နေစကြဝဠာတွေ အများကြီးပါတဲ့ကြယ်ဂြိုလ်အစုကြီးကို ခေါ်တာ)တစ်ခါ ကိုယ်တို့ရဲ့ ဂလက်စီကြီးကိုယ်တိုင်ကလည်း ရွေ့နေပြန်တယ်။ကိုင်း တိုတိုပြောရရင် အာ့လိုအမြဲကြုံတွေ့ဖြစ်ပျက်နေတဲ့ လှုပ်ရှားမှုဆိုတာကြီးကို ရူပဗေဒသမားတွေက စိတ်ဝင်တစားနဲ့ လေ့လာခဲ့ကြတယ်။ဘာကြောင့်ရွေ့တာလည်း ၊ ရွေ့ရင်ဘာတွေဖြစ်သွားလည်း၊ ရွေ့နည်းကကောဘယ်နှစ်နည်းရှိလည်း စတဲ့မေးခွန်းတွေကို စိတ်ဝင်တစားနဲ့ မေးခဲ့ကြတယ်။ အဖြေရှာခဲ့ကြတယ်။ကိုယ်တို့အခအခန်းမှာ ရွေ့ခြင်းကို သရုပ်ခွဲပြီး သူတို့ရဲ့ဂုဏ်သတ္တိတွေကို လေ့လာကြမယ်။အင်္ဂလိပ်လိုတော့ kenimeticလို့ ခေါ်တယ်။(နောက်အခန်းမှာတော့ ရွေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းတရားတွေ(dynamic သဘောတရားတွေ) ကိုလေ့လာမယ်)
သရုပ်မခွဲခင်မှာ ပထမဆုံးပြောချင်တဲ့ ရွေ့ခြင်းရဲ့ဂုဏ်သတ္တိကတော့ ရွေ့ခြင်းဟာ နှိုင်းရဖြစ်တယ်ဆိုတာပဲ။နှိုင်းရဖြစ်တယ်ဆိုတဲ့သဘောက တစ်ခုခုနဲ့နှိုင်းမှသိသာထင်ရှားတဲ့ သဘောကိုပြောတာ။သူတစ်ခုတည်းနဲ့မသိသာ မထင်ရှားဘူး၊ တစ်ခုခုနဲ့နှိုင်းတော့မှာ သိသာထင်ရှားလာတာ။ ကိုင်း...မင်းတို့ ကားတစ်စီးထဲမှာရှိတယ်တိုကြပါစို့။ကားကလည်း အလုံပိတ်ဆိုပါစို့။ လမ်းကလည်း အရမ်းချောမွေ့နေနယ်ဆိုပါစို့ ။ဒါဆို မင်းတို့အနေနဲ့ ရွေ့လို့ရွေ့မှန်းကို သိမှာမဟုတ်ဖူး။ ဘယ်လောက်မြန်မြန်သွားနေသလည်းဆိုတာလည်း ခန်းမှန်းမိမှာမဟုတ်ဖူး။အဲ... ကားပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ရင်.... အဲ့လိုမဟုတ်တော့ဘူး။ကားကြီးဘယ်လောက်ကောင်းကောင်း၊လမ်းဘယ်လောက်ချောမွေ့မွေ့ ရွေ့နေပါလားဆိုတာ ကို ကောင်းကောင်းကြီးသိသွားမယ်။ဘာလို့လည်းဆိုတော့ လမ်းမှာရှိတဲ့ ရှုခင်းတွေက တရိပ်ရိပ်ကျန်ခဲ့တာကိုး။အဲ့မှာတင် ဟာ ငါတို့ကားကြီး ရွေ့နေပါလား၊ တော်တော်မြန်ပါလားလို့ သိသွားတယ်။ဘာလို့လဲ။လမ်းမှာရှိတဲ့ သစ်ပင်၊ဓာတ်တိုင်၊လယ်ကွင်းတွေက အသေတွေ၊မရွေ့ဖူး ။သူတို့နဲ့နှိုင်းလိုက်ရင် မင်းကားကြီးကရွေ့နေတာကိုး။အဲဒါကြောင့်ရွေ့နေပါလားဆိုတာကို (သစ်ပင်တွေ၊ဓာတ်တိုင်တွေနဲ့နှိုင်းပြီး)မင်းသိသွားတယ်။ပိုပြီးထင်ရှားအောင် ထပ်ပြောမယ်။မင်းကားဘေးနားမှာ နောက်ထပ်ကားတစ်စီးကလည်း မင်းကားလိုအပြန်နှုန်းနဲ့ ကပ်မောင်းနေရင် မင်းဘယ်လိုဖြစ်သွားမလဲ။စောစောကလို မမြန်တော့ဖူး ထင်သွားမယ်။ဒါမှမဟုတ် ငါတို့ကားကြီးမရွေ့တော့ပါလားလို့ ထင်သွားမယ်။ ဘာလို့လဲ..။
မင်းနှိုင်းမယ့်တစ်ဖက်ကကားကလည်းမင်းလိုလိုက်ရွေ့နေတာကို။အဓိပ္ပာယ်ကအရွေ့တူနေတော့ (ကိုယ်နှိုင်းမယ့်ကောင်ကလည်းလိုက်ရွေ့နေတော့)ကိုယ့်ကိုကိုရွေ့တယ်မထင်ရတော့ဘူးဟုတ်လား..။စောစောကမရွေ့တဲ့ဓာတ်တိုင်တွေ သစ်ပင်တွေနဲ့နှိုင်းလိုက်တော့ ရွေ့တယ်ဆိုတာထင်ရှားတယ်။ကိုယ့်လိုလိုက်ရွေ့နေတဲ့( ကိုယ်နဲ့အရွေ့တူနေတဲ့)ကောင်နဲ့နှိုင်းလိုက်တော့မရွေ့ဘူးလို့ ထင်ရတယ်၊ဒါမှမဟုတ် စောစောကလို မမြန်တော့ဘူးထင်ရတယ်။ဒါကြောင့်အရွေ့ဆိုတာ နှိုင်းရလို့ပြောတာ ..၊၊ရူပဗေဒမှာတော့အဲ့ဒါမျိုးကို အညွှန်းဘောင် (refrence frame)လို့ခေါ်တယ်။ကားထဲမှာရှိတဲ့လူရဲ့ အညွှန်းဘောင်နဲ့ကားလမ်းဘေးကလူရဲ့ အညွှန်းဘောင်နဲ့မတူဘူး။ အညွှန်းဘောင်မတူတဲ့အတွက်ကြောင့်နှိုင်းရသဘောဟာထင်ရှားသွားတယ်။ ထားပါ ဒါတွေကဗဟုသုတအနေနဲ့ပြောပြနေတာ။ပုစ္ဆာတွက်တော့လည်း သိစရာမလိုပါဘူး။