အမြန်နှုန်းဆိုတာ မင်းတို့ကြားဖူးနေကြ စကားတစ်လုံးပဲ။ ဒီကား တော်တော်မြန်တာပဲလို့၊ ဒီရထားတယ် နှေးတာပဲတို့၊ တစ်နာရီ မိုင် ၃၀ ထက် ပိုမမောင်းရတို့ .. ဟုတ်လား .. အဲဒါတွေအကုန်လုံးက အမြန်နှုန်း (speed)ကို ပြောနေတာ။ ဟေ့ကောင် မင်း ကားမောင်းတာ မြန်နေတယ် ..။ မမြန်ပါဘူးကွ တစ်နာရီ ကီလို ၈၀ ပဲ ရှိပါတယ်။ ဒါလည်း အမြန်နှုန်းပဲ။ အမြန်နှုန်းနဲ့ ပတ်သတ်လို့ ဘာမှရှုပ်စရာမရှိဘူး ဟုတ်လား။ အမြန်နှုန်းဆိုတာ အရာဝတ္ထုတစ်ခု ဘယ်လောက်မြန်မြန်ရွေ့သွားသလဲဆိုတာကို ပြောပြတယ်။ သင်္ချာလို တိတိကျကျဆိုရင်တော့ တစ်စက္ကန့်မှာ ဘယ်လောက်ခရီးပေါက်သွားလဲ၊ တစ်မိနစ်မှာ ဘယ်လောက်ခရီးပေါက်သွားလဲ၊ တစ်နာရီမှာ ဘယ်လောက်ခရီးပေါက်သွားလဲလို့ ပြတာဟာ အမြန်နှုန်းပဲပေါ့။ သင်္ချာလိုဆိုရင် ခရီးအကွာအဝေးကို အချိန်နဲ့ စားတာပေါ့။ မင်းကားမောင်းတယ် .. ၂-နာရီကြာတော့ မိုင်-၅၀ ခရီးပေါက်သွားပြီဆိုပါတော့။ ဒါဆို မင်းရဲ့ speed က ၅၀ ÷ ၂ = ၂၅ .. တစ်နာရီ ၂၅ နှုန်းပေါ့။ ဒါကြောင့် speed ကို သင်္ချာလို ပြရရင် -
speed = distance travelled / total time taken
အဲဒီ့အမြန်နှုန်းကို ကိန်းသေအမြန်နှုန်းနဲ့ ပျမ်းမျှအမြန်နှုန်းဆိုပြီး နှစ်မျိုးခွဲလို့ရပြီ။ အင်္ဂလိပ်လိုဆိုရင် constant speed နဲ့ average speed ပေါ့။ ကိန်းသေအမြန်နှုန်း (constant speed)ဆိုတာ ခရီး တလျှောက် မင်းသွားနေတဲ့ အမြန်နှုန်းဟာ ကိန်းသေပဲ။ တိုးခြင်း၊ လျော့ခြင်းမရှိဘူး။ ပဲခူးရောက်တဲ့အထိ မိုင် ၅၀ နှုန်းပဲ။ ဒါဆို မင်းရဲ့ အမြန်နှုန်းကို ကိန်းသေအမြန်နှုန်းလို့ ပြောရမယ်။ ဒါဆို ပျမ်းမျှအမြန်နှုန်းဆိုတာကရော ..။ဥပမာ မင်း အိမ်ကနေ ကားမောင်းသွားတယ်။ လမ်းမှာ မီးပွိုင့်တွေ့တယ်။ ကားရပ်တယ်။ လူရှင်းသွားရင် အရှိန်နည်းနည်းပြန်တင်တယ်။ ရှေ့မှာ ကားတွေနဲ့ပိတ်မိနေရင် အရှိန်ကို ပြန်လျော့တယ်။ ကိုင်း .. အဲလိုမောင်းလာတာကို ကိန်းသေအမြန်နှုန်းလို့ ပြောလို့ရပါ့မလား။ ဘယ်ပြောလို့ ရပါ့မလဲ၊ မရတော့ဘူး ဟုတ်လား။ လူရှင်းတဲ့နေရာမှာ တစ်နာရီ မိုင် ၅၀ နှုန်းဖြစ်ချင်ဖြစ်မယ်။ လူရှုပ်တဲ့အခါ တစ်နာရီ ၅ မိုင်နှုန်း၊ ၁၀ မိုင်နှုန်းဖြစ်သွားမယ် .. ဟုတ်လား။ ရွေ့လာတဲ့ခရီးတစ်လျှောက်မှာ အမြန်နှုန်းတွေက အမျိုးမျိုးဖြစ်နေမယ်။ ဒါကြောင့် ကိန်းသေအမြန်နှုန်းနဲ့ ပြောလို့မရဘူး။ ဒါပေမဲ့ ပျမ်းမျှအမြန်နှုန်းနဲ့တော့ ပြောလို့ရတယ်။ မင်းကျောင်းနဲ့ အိမ်က ၁၀ မိုင် ဝေးတယ်။ ကျောင်းကို ရောက်ဖို့ ၂ နာရီ ကြာမယ်ဆိုရင် ဒါ ၁၀ ÷ ၂ = ၅ မိုင် ပဲ။ အဲဒါ မင်းရဲ့ ပျမ်းမျှအမြန်နှုန်းပဲ။ တစ်ခွန်းတည်းပြောရရင် ပျမ်းမျှအမြန်နှုန်းဆိုတာ ခရီးအကွာအဝေးကို ကြာချိန်စုစုပေါင်းနဲ့ စားတာပဲ။ သင်္ချာပုံသေနည်းအရတော့ constant speed နဲ့ average speed နဲ့ အတူတူပဲ ဟုတ်လား။ ဒါပေမဲ့ အဓိပ္ပါယ်က မတူဘူး။ မင်းတို့စိတ်ထဲ ခွဲမှတ်ထားရမှာက ကိန်းသေအမြန်နှုန်းဆိုရင် ခရီးတစ်လျှောက်လုံး ဒီနှုန်းနဲ့ပဲ ရွေ့နေတယ်။ ပျမ်းမျှအမြန်နှုန်းလို့ ပြောရင် ခရီးတစ်လျှောက်လုံး ဒီနှုန်းနဲ့ ရွေ့နေတာမဟုတ်ဘူး။ ဒါတွေကတော့ သေသေချာချာနားလည်အောင် ပြောပြတာ၊ ပုစ္ဆာတွက်ရင် အဲလောက်ကြီးမလိုဘူး။ အမြန်နှုန်းဆိုတာ ခရီးအကွာအဝေးကို ကြာချိန်နဲ့စားတာ ဒါမှမဟုတ် မြန်နှုန်းကို ကြာချိန်ကို မြှောက်ရင် သွားခဲ့တဲ့ခရီးအကွာအဝေးကို ရတယ်လို့ မှတ်ထားရင် လုံလောက်ပြီ။
ဒီ လောက်ဆို အမြန်နှုန်းနဲ့ ပတ်သတ်လို့ နားလည်လောက်ပါပြီ။ ဒါပေမဲ့ ရွေ့လျားခြင်းမှာ အမြန်နှုန်း တစ်ခုတည်းနဲ့ ပြောလို့ မပြည့်စုံဘူး၊ မဖြစ်သေးဘူး။ ဘာလို့လဲဆိုတော့ ရှေ့အခန်းမှာလည်း ပြောခဲ့တယ်။ ရွေ့တယ်ဆိုကတည်းက ဥိးတည်ဖက် ရှိရတယ်။ ဘယ်ဘက်ကိုသွားလဲဆိုတာ အရေးကြီးတယ်။ ဆိုတော့ ကိုတို့က ဘယ်လောက်အမြန်နှုန်းဆိုတာ တစ်ခုတည်းနဲ့ မပြည့်စုံဘူး။ တစ်နာရီ မိုင် ၅၀ တို့၊ တစ်စက္ကန့် ၁၀ မိုင်နှုန်းဆိုတဲ့ ပမာဏသက်သက်နဲ့တင် မပြည့်စုံတော့ဘူး။ ဥိးတည်ဖက်ကိုပါ ထည့်စဉ်းစားရမယ်။ အဲလို ဥိးတည်ဖက်ပါ ထည့်စဉ်းစားပြီး ပြောတဲ့ကောင်ကို အလျင် (velocity)လို့ ခေါ်တယ်။