ထူးခြားချက်တစ်ခုကတော့ ရေရဲ့ မူမမှန်ပွခြင်း (Anomalous Expansion of Water)ပဲ။ ပူရင်ပွတယ်၊ သိပ်သည်းဆနည်းသွားမယ်လို့ ပြောခဲ့တယ်နော်။ အဓိပ္ပါယ်က အစိုင်အခဲနဲ့ အရည်နဲ့မှာ အစိုင်အခဲက ပိုလေးမယ်၊ သိပ်သည်းဆ ပိုများမယ် (အရည်က အပူချိန်ပိုများတယ်) အရည်နဲ့ အငွေ့မှာ အရည်က.ပိုလေးမယ်။ (အငွေ့က အပူချိန်ပိုများတယ်)။ ဥပမာ ဖယောင်းရည်ထက် ဖယောင်းခဲက ပိုလေးမယ်။
ဒါပေမဲ့ ရေအတွက်တော့ ဒီမှန်ကန်ချက်က အမြဲမမှန်ဘူး၊ အခြေအနေတစ်ခုမှာပဲ မှန်တယ်။ ရေက ရေငွေ့ထက် ပိုလေးမယ်၊ ပိုသိပ်သည်းမယ်။ ရေရဲ့အပူချိန်ပို ပိုကျလာရင် သိပ်သည်းဆပိုတိုးလာမယ်။ အိုကေ ဒီမှန်ကန်ချက်က ပြောင်းပြန်ကို ဖြစ်သွားပါတယ်။ ပုံမှန်အတိုင်းဆို အပူချိန်ကျသွားပြီး (0°C ဖြစ်သွားပြီး) ရေခဲ ဖြစ်သွားရင် အဲဒီ့ရေခဲဟာ ရေထက် ပိုလေးရမယ်၊ ပိုသိပ်သည်းရမယ်။ (အစိုင်အခဲက အရည်ထက် လေးရမယ်လေ) ဒါပေမဲ့ ရေကတော့ အဲလိုမဟုတ်ဘူး။ 4°C အထိကတော့ ဟုတ်တယ်၊ ပုံမှန်အတိုင်းပဲ။ ဒါပေမဲ့ 4°C ကနေ 0°C ထိ ကျသွားတဲ့အချိန်မှာ သိပ်သည်းဆက မဆိုးတော့ဘဲ ကျသွားတယ်။ အဓိပ္ပါယ်က ရေရဲ့ သိပ်သည်းဆက 4°C မှာ အများဆုံးပဲ။ သူ့ထက်အပူချိန်နိမ့်သွား အခဲဖြစ်သွားလဲ အဲဒီ့အခဲ (ရေခဲ)ရဲ့ သိပ်သည်းဆက 0°C မှာရှိတဲ့ ရေရဲ့သိပ်သည်းဆကို မမီဘူး။ အဓိပ္ပါယ်က ရေခဲက ရေထက် ပိုပေါ့နေတယ် (သိပ်သည်းဆနည်းနေတယ်)တဲ့။
ရေရဲ့ မူမမှန်ပွခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတော့ ဥပမာ အအေးပိုင်းဒေသက ရေအိုင်ကြီးမှာ အပူချိန် ကျလာပြီး အေးလာတယ်ဆိုပါစို့။ 4°C ဝန်းကျင်ရောက်ရင် ရေက သိပ်သည်းဆအများဆုံးဖြစ်နေတော့ အောက်ကို ဆင်းသွားတယ်။ ကန်ရေပြင်က အဲဒီ့ထက်ပိုအေးပြီး 0°C ဖြစ်သွားပြီး ရေခဲသွားပြီဆိုပါစို့။ ဒါပေမဲ့ ရေခဲကပိုပေါ့တော့ အေက်ကို မဆင်းနိုင်ဘူး။ ကန်အထက်မှာပဲ နေတယ်။ သဘောက ရေကို အပေါ်ကနေကာဗာ လုပ်လိုက်တဲ့သဘောပဲ။ ဒါကြောင့် ကန်အောက်ကရေတွေက 4°C အပူချိန်မှာပဲ ရှိနေတော့တယ်။ ကန်တစ်ခုလုံး အေးခဲမသွားတော့ဘူး။ အပေါ်ယံလောက်ပဲ ရေခဲဖြစ်သွားတယ်။ ဒါကြောင့် ရေခဲရဲ့အောက်မှာ ရေတွေရှိပြီး အအေးပိုင်း ရေသတ္တဝါတွေလည်း အဲဒီရေထဲမှာ ရှင်သန်နိုင်တာပေါ့။ ဒီ့ထက်ပိုအရေးကြီးတာက မူမှန်အတိုင်းသာဆိုရင် ရေခဲက ပိုလေးရမယ်၊ ကန်အောက်ကို ဆင်းသွားရမယ်၊ အပေါ်ပိုင်းအေးပြီး ရေခဲဖြစ်လာတဲ့ကောင်တွေက အောက်ကို ဆင်းဆင်းလာပြီး ကန်တစ်ခုလုံးခဲသွားလိမ့်မယ်။ အပူချိန်တက်လာလို့ အရည်ပျော်သွားရင်လည်း အပေါ်ပိုင်းလေးပဲ အရည်ပျော်လိမ့်မယ်။ အကျိုးဆက်အနေနဲ့ ကိုယ်တို့ရဲ့ရေချိုအရင်းမြစ်တွေ အရမ်းရှားသွားမယ်။ (ကမ္ဘာရေချိုအရင်း အမြစ်က ရေခဲမြစ်၊ ရေခဲနှင်းတောင်ဒေသတွေဆီက ရတာ) ဒီ့ထက်ပိုအရေးကြီးတာက ကမ္ဘာကြီးရဲ့ရာသိဥတုက မယုံနိုင်လောက်အောင် ပြောင်းသွားလိမ့်မယ်။ နွေနဲ့ဆောင်း အပူချိန်ကွာခြားချက် အရမ်းကွာသွားမယ်။ အပူကို မထိန်းနိုင်ဘဲ နောက်ဆုံး ရေခဲခေတ်လိုတောင် ဖြစ်သွားနိုင်တယ်။ ကိုင်း ဒီလောက်ဆို ရေရဲ့မူမမှန်ပွခြင်းကဘယ်လောက် အရေးကြီးလဲဆိုတာ သဘောပေါက်လောက်ပါပြီ။ တစ်ခွန်းတည်းပြောရရင် အဲဒီ့ဂုဏ်သတ္တိသာ မရှိခဲ့ရင် ဒီကမ္ဘာကြီး ဖြစ်မလာနိုင်ဘူး၊ သက်ရှိတွေ ဖြစ်လာဖို့လည်း လမ်းမရှိဘူး။ (အမှန်က ရေမှာ ထူးတာတွေ အများကြီး ရှိသေးတယ်။ ဥပမာ အပူဆအရမ်းမြင့်တာ၊ ဒြပ်ပေါင်းစည်းမှူမြဲတာ၊ ရေခဲမှတ် ရေဆူမှတ် ကွာခြားချက် မြင့်တာ .. အဲဒါမျိုးတွေပေါ့)