အပူကူးတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ အပူစီးကူးခြင်း (heat convection) လို့ခေါ်တယ်။ သူက အရည်တွေ ဓာတ်ငွေ့တွေမှာပဲ ဖြစ်တဲ့နည်း။ (အစိုင်အခဲတွေမှာ လုံးဝမဖြစ်နိုင်တဲ့နည်း)ပဲ။ သူ့အတွက် အထင်ရှားဆုံး ဥပမာကတော့ ရေနွေးအိုးဆူတာပဲ။ ကျွန်တော်တို့စိတ်ထဲ သံချောင်းတစ်ချောင်းပူတာနဲ့ ရေနွေးအိုးပူလာတာ (ပူပုံပူနည်း) ဘာကွာမှာလဲလို့ ထင်ရနိုင်တယ်။ ဒါပေမယ့် ဓာတ်ငွေ့ရဲ့ ဂုဏ်သတ္တိကို သိပြီးဖြစ်တဲ့ သူတစ်ယောက်ကတော့ ချက်ချင်းရိပ်မိမယ်။ conduction နည်းလမ်းနဲ့တော့ မဖြစ်နိုင်ဘူးဆိုတာ..။ ဘာလို့လဲဆိုတော့ ရေကို မော်လီကျူးကွန်ပေါင်းတွေမှာ လွတ်လပ်အီလက်ထရွန်လည်း မရှိဘူး။ သူလို ဖွဲ့စည်းတည်ဆောက်ပုံအရ တစ်ခုလုံးတုန်ခါပြီး အပူစွမ်းအင်တွေကို လက်ပြောင်းပေးဖို့လည်း မဖြစ်နိုင်ဘူး။ ဒါဆို ဘယ်လိုနည်းလမ်းနဲ့လဲ။
လေ့လာကြည့်လိုက်တော့ အပူစွမ်းအင်ရသွားတဲ့ (အိုးဖင်က)ရေက အပူကြောင့် ပွလာတယ်။ ပွလာတဲ့အတွက် (ထုထည် တိုးလာတဲ့အတွက်) သိပ်သည်းဆ နည်းသွားတယ်။ လွယ်လွယ်ပြောရရင် ပေါ့သွားတယ်ပေါ့ကွာ။ သူ့ထက် အပူချိန်နည်းတဲ့ အိုးအထက်ပိုင်းက ရေတွေထက် သူက ပိုပေါ့သွားတယ်။ အထက်ပိုင်းက ရေတွေက သူ့ထက်ပိုလေးနေတယ် (သိပ်သည်းဆပိုများတယ်)။ ဒါကြောင့် ပူပြီး ပွလာပေါ့လာတဲ့ အောက်ကရေတွေက အထက်ကိုတက်သွားပြီး သူ့ထက်ပိုလေးတဲ့ အထက်က ရေတွေက အောက်ကို ဆင်းလာတယ်။ အဲဒီရေတွေက တစ်ခါအပူစွမ်းအင်တွေ ရပြီး (အပေါ်ကရေထက် ပိုပူလာပြီး) တစ်ခါ အထက်ကို တက်သွားပြန်ရော။ အထက်ကရေတွေက အောက်ကို ဆင်းလာပြန်ရော.. အပူစွမ်းအင်တွေ ရပြန်ရော...အထက်ကို တက်ပြန်ရော.. အဲ့လိုနဲ့ အပူတွေဟာ အရည်တစ်ခုလုံးမှာ ပျံနှံကူးသွားတယ်။ အရည်တစ်ခုလုံးဟာ circular motion တစ်ခုလို ရွေ့သွားတယ်၊ အဲ့လိုရွေ့တဲ့အခါ အပူတွေပါ သူနဲ့အတူပါလာတယ်၊ လိုက်ရွေ့တယ်။
ဆိုတော့ conduction နဲ့ convection တို့ရဲ့ အဓိကခြားနားချက်ကို မင်းတို့လည်း မြင်မှာပါ။ Conduction မှာ အပူစွမ်းအင်ကို လက်ဆင့်ကမ်းပြီး ကူးစေတယ်၊ ကြားခံနယ်ကိုယ်တိုင်က လုံးဝမလှုပ်ဘူး၊ ဒါပေမယ့် convectionမှာကျတော့ ကြားခံနယ်ကိုယ်တိုင် ရွေ့သွားတယ်။ အပူက ရွေ့သွားတဲ့ကြားခံနယ်နဲ့ အတူလိုက်ရွေ့သွားပြီး စီးကူးတယ်။ ဒါကြောင့် ဒီနည်းက အစိုင်အခဲမှာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောတာပေါ့။ အရည်နဲ့ အငွေ့တွေမှာပဲ ဖြစ်တယ်။ conduction နဲ့ convection ကို ဒီလို မှတ်ထားသားကြ။ ဆူနေတဲ့ ရေနွေးအိုးကြီးတစ်ခု.. အဲဒီအိုးနား မင်းကပ်သွားရင် သူ့ရဲ့အပူကို ခံစားရမှာပဲ။ အဲလိုအိုးရဲ့အပူက (လေထုကတစ်ဆင့်) မင်းဆီရောက်လာတာ convection နည်းနဲ့လို့မှတ်၊ ဒါပေမယ့် အိုးနံရံပူနေတာကတော့ (အိုးအတွင်းက အပူက အိုးနံရံကိုဖြတ်လာတာကတော့) conduction နည်းနဲ့လို့မှတ်။ ဒီလောက်ဆို ဒီနှစ်ခုကို ကွဲလောက်ပါပြီ။
Heat convection is the transfer of heat due to the movement of a fluid itself.
အပူစီးကူးခြင်းဟူသည် ငွေ့ရည်ကိုယ်တိုင် ရွေ့လျားခြင့်ဖြင့် အပူကူးသွားခြင်းဖြစ်သည်။
အငွေ့တွေမှာ အပူကူးတာလည်း အဲ့ဒီအတိုင်းပဲ။ ဓာတ်ငွေ့တွေကလည်း ပူရင်ပွတယ် (အရွေစွမ်းအင်တွေ တိုးလာမယ်) အထက်ကို တက်သွားမယ်။ အေးတဲ့ကောင်တွေက အောက်ကိုဆင်းလာမယ်။ အဲလိုနဲ့ တစ်ခုလုံး ပူလာမယ်။ လေအေးပေးစက်တွေကို အမြင့်မှာထားတာအဲ့ဒါကြောင့်ပါ။ အပူပေးစက်တွေဆို ကြမ်းပြင်နဲ့ ကပ်ထားသင့်တာပေါ့။ (ဒါဆို ရေခဲသေတ္တာမှာ အအေးခံကိရိယာ ဘယ်နေရာတပ်ထားမလဲဆိုတာ မှန်းကြည့်လို့ရတယ်)။ ကိုယ့်တို့ပတ်ဝန်းကျင်ရဲ့ အပူစီးကူးမှုအများစုဟာ ဒီနည်းနဲ့ဖြစ်နေတာပေါ့။ အခန်းထဲမှာ လူတွေများလာရင် အပူချိန်တက်လာတာ (လူရဲ့အပူက အခန်းကို စီးကူးသွားတာ) ဒီ convection နည်းနဲ့ပဲ။ (ကိုယ်တို့လို သတ္တဝါတွေရဲ့ အပူဆုံးရှုံးမှုမှာ ဒီနည်းလမ်းနဲ့က အများဆုံးပဲ။ ၅၀ % ထိဒီနည်းလမ်းနဲ့ ဆုံးရှုံးတယ်)
ကမ္ဘာကြီးရဲ့ လေထုအပူချိန်အပြောင်းအလဲကလည်း ဒီနည်းပဲပေါ့။ (ဓာတ်ငွေ့တွေနဲ့ ဖွဲ့ထားတဲ့ လေထုကို အပူဖြတ်ကူးချင်ရင် ဒီနည်းပဲရှိတာကိုး) ဒါကြောင့် ကမ္ဘာလေထုရဲ့ အပူချိန်အပြောင်းအလဲကို ဖြစ်စေတာ၊ ရာသီဥတုတွေကိုပြောင်းလဲစေတာ ဒီနည်းနဲ့ပေါ့။ ပင်လယ်လေညင်းလေးတွေ တဖြည်းဖြည်းတိုက်ခတ်စေတာကလည်း ဒီ convection ကြောင့်ပဲပေါ့။ (ပင်လယ်က ကုန်းမြေထက် အေးတယ်။ ကုန်းပေါ်ကလေက ပူတော့ အထက်ကိုတက်၊ အဲဒီနေရာမှာ ပင်လယ်လေအေး က အစားဝင်လာ.. အဲဒါ ပင်လယ်လေညင်းပဲပေါ့။ ညဆိုရင်တော့ ပြောင်းပြန်။ ကုန်းကပိုအေးတယ်။ ကုန်းလေက ပင်လယ်ဘက်ကို တိုက်မယ်) ပင်လယ်မှာ အပူအအေးမျှတနေတာ convection ရဲ့ လက်ချက်ပေါ့ကွာ။ အာလူးပြုတ်ပူပူကို အေးအောင် ပါးစပ်နဲ့ တဖူးဖူးမှုတ်ပေးတာလည်း convection နည်းနဲ့ အပူမြန်မြန်ကူးအောင် လုပ်ပေးတာပဲ။ forced convection လို့ခေါ်တယ်။
ဒီနည်းနဲ့အပူကူးတာလည်း (conduction နည်းလိုပဲ) သူရဲ့အပူကူးနှုန်းက ထိစပ်ဧရိယာနဲ့ တိုက်ရိုက်အချိုးကျတယ်။ (ဧရိယာများရင် အပူမြန်မြန်စီးကူးမယ်) ပမာဏတူတောင်မှ ထိစပ်ဧရိယာများတဲ့ကောင်က မြန်မြန်ပူမယ်။ အပူချိန်ခြားနားချက်နဲ့ တိုက်ရိုက်အချိုးကျတယ်။ သူကျတော့ (conduction မှာလို) အလျားက အရေးမပါတော့ဘူး၊ ဘာလို့လဲ..ကြားခံနယ်ကိုယ်တိုင် ရွေ့သွားမှာကိုး...သချာင်္လို ပြရရင် -
H = q A ( T2 - T1) (OR) H = qA Δ T
Newton ရဲ့ အအေးခံနိယာမ (Newton's law of cooling)လို့လည်း သိကြတယ်။ A ဆိုတာ ထိစပ်မျက်နှာပြင်ရဲ့ ဧရိယာ၊ q ဆိုတာက heat convection constant ဖြစ်တယ်။ အဲဒီမှာ တစ်ခုသိထားရမှာက k က အရာဝတ္ထုရဲ့ ဂုဏ်သတ္တိ။ q ကတော့ အခြေအနေတစ်ခုအောက်မှာ တိုင်းထာထားတဲ့ ကိန်းသေတစ်ခုသာ ဖြစ်တယ်။ အရာဝတ္တုရဲ့ ဂုဏ်သတ္တိမဟုတ်ဘူး။ ဆိုလိုတာက ဒီအပူချိန်ရှိတဲ့ ဒီအရာဝတ္တုပဲ၊ ဒါပေမယ့် နေရာကွာသွားရင် (ပတ်ဝန်းကျင် အခြေအနေကွာသွားရင်) သူ့အတွက် q တန်ဖိုးကလည်း ကွာသွားမှာပဲ။ ( k ကတော့ မပြောင်းဘူး။ မြန်မာပြည်က သဲချောင်းရဲ့ k နဲ့ အမေရိကန်က သံချောင်းရဲ့ k အတူတူပဲ)