Displacement အရွေ့ကိုအရင်ရှင်းပြမယ်။ distanceနဲ့displacement ၂ခုလုံးက အကွာအဝေးကို ညွှန်းတာပဲ။ ဒါပေမဲ့displacement က လားရာအရပ်ကိုပါ ထည့်စဉ်းစားရတယ်။ ဦးတည်ဖက်ပါတဲ့အကွာအဝေးလို့ပြောလို့ရတယ်။ ဒီ့ထက်လွယ်အောင်ပြောရရင်displacement မှာ အညွှန်းမှတ်ရှိတယ်။ အရှေ့သို့ အနောက်သို့ ဆိုတာတွေက တစ်ခုခုကနေတည်ပြီးပြောရတာကိုး။ ဆိုတော့သူက အကွာအဝေးပေမဲ့ တကယ်က အညွှန်းမှတ်တစ်ခုကနေ ဘယ်လောက်ဝေးနေလဲဆိုတာကိုပြောတာ။ တစ်နည်းအားဖြင့်displacement ဆိုတာ အကွာအဝေးသက်သက်ထက် နဂိုရှိတဲ့နေရာ(initial position) နဲ့နောက်ဆုံးရောက်တဲ့နေရာ(final position)တို့ရဲ့ အကွာအဝေးကိုပြောတာ။ တစ်နည်းအားဖြင့် နေရာအပြောင်းအလဲ(change in positon)ပဲ။ နဂိုအစမှာရှိတဲ့နေရာနဲ့နောက်ဆုံးနေရာ ဘယ်လောက်ပြောင်းလဲသွားပြီလဲ? အဲ့တာအရွေ့ကိုပြောတာပဲ။ တစ်ခွန်းတည်းပြောရရင် displacement မှာ အကွာအဝေးဆိုတာထက် စမှတ်ဆုံးမှတ်က ပိုအရေးကြီးတယ်။ စမှတ် ဆုံးမှတ်ရဲ့ တစ်ဖြောင့်တည်း အကွာအဝေးကိုပဲdisplacement လို့ခေါ်တယ်။ အောက်ကဥပမာကိုကြည့်ရင် ရှင်းသွားလိမ့်မယ်။
ပေ ၁၀၀ကျယ်တဲ့မြက်ခင်းပြင်ကြီးရှိတယ်။ ပုံမှာပြထားတဲ့အတိုင်းသီတာက မြက်ခင်းပြင်ကိုတည့်တည့်ကြီးဖြတ်ပြီး AကနေBကိုသွားတယ်။ ကြည်ပြာကလည်း AကနေBကိုသွားတယ်။ ဒါပေမဲ့သူက ဘေးကနေပတ်သွားတယ်။ ကဲ....ဘယ်သူက လမ်းပိုလျှောက်ရမလဲ? အဖြေကရှင်းပါတယ်။ ကြည့်ပြာပေါ့။ ဒါဆိုရင် ဘယ်သူ့ရဲ့အရွေ့က ပိုများတယ်ဆိုရင်ကော? အဖြေက ဘယ်လိုဖြစ်သွားမလဲ? အဖြေကတူတူပဲတဲ့... ဘာလို့လဲဆိုတော့ ရှင်းပါတယ်။ အရွေ့ဆိုတာ စမှတ်(initial position)နဲ့ဆုံးမှတ်(final position)ကြားက အကွာအဝေးပဲလေ။ သီတာကော ကြည်ပြာကောက စမှတ်လည်းA ၊ ဆုံးမှတ်လည်းBပဲ။ သူတို့စမှတ် ဆုံးမှတ်တွေက တူတူပဲ။ ဒီတော့ ၂ယောက်လုံးရဲ့ အရွေ့တွေလည်း တူတူပဲပေါ့။ (ကြည်ပြာဘယ်လိုပဲပတ်သွားသွားလေ)
တကယ်လို့သီတာက BကနေAကိုလမ်းပြန်လျှောက်လာမယ်ဆို သူ့အရွေ့က ဘယ်လိုဖြစ်သွားမလဲ? အဖြေကတော့ zeroပါတဲ့။ ဘာလို့လဲဆိုတော့ စမှတ်ကော ဆုံးမှတ်ကော (initial position), (final position)တွေတူနေကြတာကိုး။ တစ်နည်းအားဖြင့် နေရာမပြောင်းသွားဘူး။ ဆိုတော့change in position မရှိဘူး။ ဒါကြောင့် သူ့ရဲ့အရွေ့က သုည(zero)ပေါ့။
အိမ်ကနေ ကျောင်းသွားတယ်။ အိမ်ကိုပြန်လာတယ်။ အိမ်နဲ့ကျောင်းနဲ့က ၂မိုင် ဝေးတယ်၊ အသွားအပြန်ကြာချိန်က ၁နာရီ ဆိုပါစို့။ ဒါဆို ကျွန်တော်တို့သွားခဲ့တဲ့ ခရီးအကွာအဝေး (distance)က ဘယ်လောက်လဲဆို ..ကျွန်တော်တို့က (အသွား ၂မိုင်၊ အပြန် ၂မိုင် ဆိုတော့ စုစုပေါင်းခရီးက ၄မိုင်ပေါ့) လို့ဖြေမိမှာပါ။ ကျွန်တော်တို့ရဲ့ အမြန်နှုန်း (speed)က ဘယ်လောက်လဲဆို (ခရီးကို ကြာချိန်နဲ့စားလိုက်တော့) တစ်နာရီ ၄မိုင်နှုန်းလို့ ဖြေမှာပဲ၊ မှန်တယ်။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ အရွေ့ (displacement) ဘယ်လောက်ရှိလဲဆို ၄ မိုင်လို့ ဖြေလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲ။ ဒီမှာ စပြီး ဒီမှာဆုံးတာကိုး တစ်နည်းအားဖြင့် နေရာ(position)ပြောင်းမသွားဘူး။ initial position နဲ့ final position နဲ့အတူတူပဲ။ change in position ဖြစ်မသွားဘူး။ ဒါကြောင့် အဖြေက သုည..။ ကျွန်တော်တို့ အလျင် (velocity) က တစ်နာရီ ၄မိုင်နှုန်းမဟုတ်တော့ဘူး။ သုညဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ အလျင်ဆိုတာ အရွေ့ကို ကြာချိန်နဲ့စားတာ ... အရွေ့က သုည ဆိုတော့ အလျင်ကလည်း သုညပေါ့။ နောက်ဥပမာ တစ်ခု ထက်လေ့လာကြည့်ရအောင်။
ဆရာတစ်ယောက် စာသင်နေတယ်။ စားပွဲခုံကနေ white board ဆီ လျှောက်သွားမယ်။ ဟိုဖက်လျှောက်၊ ဒီဖက်လျှောက်နဲ့ စာသင်မယ်။ ပြီးရင် စာပွဲခုံဆီ ပြန်လာမယ်။ အဲဒီဆရာရဲ့ လမ်းလျှောက်နှုန်းလို့မေးရင် ကျွန်တော်တို့ဘယ်လိုဖြေမလဲ။ အလျင်ကိုမေးရင်ကော..ဘယ်လိုဖြေမလဲ။ အမြန်နှုန်း(လမ်းလျှောက်နှုန်း) ဆိုရင် တွက်လို့ရတယ်။ ဆရာလျှောက်ခဲ့တဲ့ အကွာအဝေးကို ကြာချိန်နဲ့ စားရုံပဲ။ အလျင်ဆိုရင်တော့ မရှိဘူး၊ ဘာလို့ဆို displacement မှမရှိတာကိုး။ ဒီ စားပွဲခုံက စပြီး ဒီစားပွဲခုံမှာပဲ ပြန်ဆုံးတယ်လေ။
ဒီလောက်ဆို distance နဲ့ displacement, speed နဲ့ velocity.. ကွဲလောက်ပါပြီ။ ကျွန်တော်တို့စိတ်ထဲ အမြန်နှုန်းရှိပြီး အလျင်က ဘာလို့ မရှိရတာလဲလို့ ဇဝေဇဝါ ဖြစ်မှာပဲ။ (အလျင်ဆိုတာ အမြန်နှုန်းတစ်ခု၊ ဦးတည်ဖက်ပါတဲ့ အမြန်နှုန်းလို့ နားလည်ထားတာကိုး) ဒီလိုသေချာခွဲမှတ်ထား.. speed ဆိုတာ ဘယ်လောက်မြန်သလဲ (how fast)ဆိုတာကို ပြောပြတယ်။ velocity က နေရာဘယ်လောက်ရွေ့သွားလဲဆိုတဲ့ နှုန်း (rate of change of position) ကိုပြောပြတယ်။ ဒါကြောင့် ဘယ်လောက်မြန်နေနေ နေရာရွေ့မသွားဘူး(ဒီနေရာပဲ ပြန်ရောက်တယ်) ဆိုရင် change in position မဖြစ်တဲ့အတွက် velocity လည်းမရှိဘူးလို့မှတ်ပါ။ ဥပမာ ရှေ့တိုးနောက်ဆုတ်ဖြစ်နေတဲ့ အရာဝတ္ထု တစ်ခုမှာ speed တော့ရှိမယ်၊ ဒါပေမယ့် velocity တော့ ရှိမှာမဟုတ်ဘူး။