Speed နဲ့ velocity က ကျောင်းသားတွေ အရောတက်ဆုံးမတ္တာနှစ်ခုဆိုရင် အရှိန်(acceleration) ဆိုတာကတော့ ကျောင်းသားတွေ နားမလည်နိုင်ဆုံး မတ္တာတစ်ခုပဲ။ရေရေရာရာသာ နားမလည်တာ၊မင်းတို့နဲ့ ရင်းနှီးပြီးသားပါ။ ဆိုင်ကယ်စီးတယ်၊ကားစီးတယ်...တဖြည်းဖြည်းမြန်လာရင် အရှိန်ရလာပြီလို့ ပြောတယ်။ဆိုင်ကယ်နောက်က ထိုင်လိုက်တဲ့သူက ရှေ့ကမောင်းတဲ့သူကို ပြောမယ်။' 'ဟေ့ကောင် မြန်လိုက်တာ အရှိန်နည်းနည်းလျော့ဦး...''ဟုတ်လား။ဆိုတော့ စကားလုံးအားဖြင့် ကိုယ်တို့နဲ့ မစိမ်းဘူး။ဒါဆို အဲ့ဒီအရှိန်ဆိုတာ ဘာကိုပြောတာလဲ။ အရပ်သုံးပြောနေတဲ့ အရှိန်နဲ့ ရူပဗေဒဆရာတွေ သတ်မှတ်ထားတဲ့ အရှိန်နဲ့ ဘာကွာလဲ၊အတူတူပဲလား..။ (အမြန်နှုန်းလျော့ဦးလို့ မပြောဘဲ အရှိန်လျော့ဦးလို့ ဘာလို့ပြောရတာလဲ)
ကျွန်တော်တို့ စစဉ်းစားကြည့်ရအောင်။ ဆိုင်ကယ်စီးတယ်ဆိုပါစို့။ လီဗာကို ဆွဲထားမယ်ဆိုရင် မင်းရဲ့ ဆိုင်ကယ်ဟာ တစ်ဖြေးဖြေးပိုမြန်သွားလိမ့်မယ်။ ပထမ တစ်မိနစ်မှာ မိုင် ၂၀ နှုန်း၊နောက် မိုင် ၃၀နှုန်း၊နောက် ၄၀နှုန်း..အဲ့လို အဆင့်ဆင့်ပိုမြန်သွားလိမ့်မယ်။အဲ့လို မြန်မြန်လာရင် မင်းဆိုင်ကယ် အရှိန်ရနေပြီလို့ပြောလိမ့်မယ်။ တစ်ခွန်းတည်းပြောရရင် 'အရှိန်(acceleration)ဆိုတာ အမြန်နှုန်းပြောင်းလဲခြင်းပဲ။'မြန်သွားတာပဲ ဖြစ်ဖြစ်၊နှေးသွားတာပဲဖြစ်ဖြစ် မြန်နှုန်းပြောင်းသွားရင် အဲ့ဒါ အရှိန်ပဲ။ (နှေးသွားရင်တော့ ဆုတ်ရှိန်(deceleration ဒါမှမဟုတ် negative acceleration) လို့ ခေါ်တယ်) ဒါဆို acceleration ကို rate of change of speed လို့ပြောလို့ရတာပေါ့။ ဒါပေမယ့် အဲ့လိုပြောရင် မပြည့်စုံသေးဘူး။ rate of change of velocity အလျင် ပြောင်းလဲနှုန်းဆိုမှ မှန်တယ်။ မင်းတို့စိတ်ထဲ ဘာထူးလို့လဲလို့ ထင်မှာပဲ။ အင်း ထူးခြားချက်က velocity ဆိုတာ မြန်နှုန်းရော၊ဦးတည်ဖက်ရော ရှိတဲ့ကောင်။ သူပြောသလို rate of change of velocity လို့ဆိုရင် မြန်နှုန်းပြောင်းခြင်းဆိုတဲ့ အဓိပ္ပါယ်အပြင် ဦးတည်ဖက်ပြောင်းခြင်းခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ ပါနေပြီ။ဆိုလိုတာက direction ပြောင်းရင်လည်း acceleration ဖြစ်တယ်လို့ ပြောတာပဲ။အင်း... ရှင်းကာမှ ပိုရှုပ်ကုန်ပြီ။ ဒါပေမယ့် သေချာသိသွားရင်တော့ ရှင်းသွားပါလိမ့်မယ်။ ကိုင်း direction ပြောင်းရင်လည်း acceleration ဖြစ်တယ်ဆိုတာကို စဉ်းစားကြည့်ရအောင်...
ကားတို့ ဆိုင်ကယ်တို့ စီးနေတုန်း ကား၊ဆိုင်ကယ်က အရှိန်တင်လိုက်ရင်(တစ်နည်းအားဖြင့် မြန်နှုန်းတင်လိုက်ရင်) စီးနေတဲ့လူက နောက်ကို ယိုင်ထွက်သွားမယ်။အရှိန်လျော့ချလိုက်ရင် (မြန်နှုန်းလျော့လိုက်ရင်) လူက ရှေ့ကို ယိုင်သွားမယ်.. ဟုတ်လား။ တစ်နည်းအားဖြင့် နောက်ကို ယိုင်သွားတယ်ဆိုတာ ရှေ့ကအားတစ်ခုခုသက်ရောက်လိုက်လို့ပေါ့။ ရှေ့ကိုယိုင်သွားတယ်ဆိုတာလည်း နောက်ကအားတစ်ခုခုကို သက်ရောက်လိုက်လို့ပေါ့။ (အကျယ်ကို Newton ရဲ့ motion law တွေမှာ သင်ရမယ်) ဒီ့ထက်လွယ်အောင်ပြောရရင် အရှိန်ရှိသွားရင်.. ဒါ.. အားသက်ရောက်လို့ပဲ။ဆိုပါစို့..မင်းက လေယာဉ်ပေါ်မှာ လိုက်လာတယ်။ မင်းလေယာဉ်က ကိန်းသေအမြန်နှုန်းနဲ့ မောင်းနေမယ်ဆို (လေယာဉ်ကြီး ဘယ်လောက်မြန်မြန်) မင်းအနေနဲ့ စောစောကပြောတဲ့ အရှိန်ရဲ့သဘော (အားရဲ့သဘော)ကို ခံစားရမှာမဟုတ်ဘူး။ ရှေ့တိုးနောက်ဆုတ် မဖြစ်ဘူး။ဘေးကိုသာ မကြည့်မိရင် လေယာဉ်ရွေ့လို့ ရွေ့မှန်းကို သိမှာ မဟုတ်ဘူး။မြန်နှူန်းပြောင်းသွားရင်တော့ အရှိန်ရဲ့သဘော (အားသက်ရောက်ခြင်းသဘော)ကို ခံစားရမယ်။(ကားပဲဖြစ်ဖြစ်၊ လေယာဉ်ပျံပဲဖြစ်ဖြစ် ဒီသဘောပဲ) ၊ဒီလောက်ဆို ဆက်စဉ်းစားလို့ လွယ်သွားပြီ။
မြန်နှုန်းပြောင်းတာတော့ မဟုတ်ဘူး၊ ကား၊ လေယာဉ်ကို ကွေ့လိုက်မယ်ဆိုရင်.. ဘယ်လိုဖြစ်သွားမလဲ။ (speed မပြောင်းဘဲ direction ကိုပဲပြောင်းလိုက်မယ်) ကားက ညာဖက်ကို ကွေ့သွားရင်မင်းကိုယ်က ဘယ်ဘက်ကို စောင်းသွားတယ်။ ကားက ဘယ်ဘက်ကို ကွေ့လိုက်ရင် ညာဖက်ကို စောင်းသွားမယ်။ စောင်းသွားတယ်ဆိုကတည်းက အားတစ်ခုက မင်းအပေါ် သက်ရောက်လိုက်လို့ပေါ့ ။ တစ်နည်းအားဖြင့် အရှိန်ရှိသွားလို့ပေါ့။ ကားကွေ့လိုက်လို့ (direction ပြောင်းလို့) ယိုင်သွားတဲ့သဘောနဲ့ မြန်နှုန်းပြောင်းလို့ (speed ပြောင်းလို့) ရှေ့တိုးနောက်ဆုတ် ယိုင်သွားတဲ့သဘောက လုံးဝထပ်တူပဲ။ အားလုံးက အရှိန်ရဲ့သဘောတွေကိုပြနေတာ ။ ဒါကြောင့် direction ပြောင်းတာလည်း အရှိန်ကို ဖြစ်စေတယ်ဆိုတာ ထင်ရှားတယ်။ ဒါဆို acceleration ဆိုတာကို rate of change of speed လို့မပြောဘဲ rate of change of velocity လို့ ဘာလို့ပြောရသလဲဆိုတာ ထင်ရှားလောက်ပါပြီ။ သချာင်္လိုပြောရရင် acceleration ဆိုတာ ဘယ်လောက်အချိန်အတွင်းမှာ ဘယ်လောက်အလျင်ကနေ ဘယ်လောက်အလျင်ကို ပြောင်းသွားသလဲဆိုတဲ့ နှုန်းပဲ။
နောက်ဆုံးပြန်ချုပ်ရရင် မြန်နှုန်း ဒါမှမဟုတ် ဦးတည်ဖက် တစ်ခုခုပြောင်းသွားရင် အရှိန်ဆိုတာ ဖြစ်လာမယ်။( နှစ်ခုလုံးပြောင်းရင်လည်း ဖြစ်မှာပဲ) မြန်နှုန်းလည်း မပြောင်းဘူး၊ ဦးတည်ဖက်လည်း မပြောင်းဘူးဆိုရင်တော့ အရှိန်ဆိုတာ မရှိဘူး၊ ဖြစ်မလာဘူး။ ဒီထက့်တိုတိုပြောရရင် velocity ပြောင်းရင် အရှိန်ဆိုတာ ဖြစ်လာမယ်။ velocity မပြောင်းရင် အရှိန်ဆိုတာ ဖြစ်မလာဘူး။ ဒါကြောင့် constant velocity ဆိုရင် no acceleration ပဲ။ အနောက်စူးစူးကို တစ်နာရီ မိုင် ၅၀နှုန်းနဲ့ ပုံမှန်မောင်းနေတဲ့ကားမှာ အရှိန်မရှိဘူး။ ကားထဲမှာ ပါလာတဲ့ လူတွေအနေနဲ့လည်း အရှိန်ရဲ့သဘောကို မခံစားရဘူး။ (ခန္ဓာကိုယ်တွေ ရှေ့တိုးနောက်ဆုတ်၊ ဘယ်ယိမ်းညာယိမ်းမဖြစ်ဘူးလို့ ပြောတာ)