အပူဆိုတာ စွမ်းအင်တစ်မျိုးပဲလို့ ရှေ့အခန်းမှာတုန်းက ပြောခဲ့တယ်။ ဒါပေမဲ့ အပူစွမ်းအင်က တစ်ခြားစွမ်းအင်တွေထက် နည်းနည်းတော့ ထူးတယ်ကွ။ ပထမထူးတာက တခြားစွမ်းအင်တွေကနေ အပူစွမ်းအင်အဖြစ် အပြည့်အဝပြောင်းနိုင်တယ်၊ အလွယ်တစ်ကူပြောင်းနိုင်တယ်။ ဒါပေမဲ့ အပူစွမ်းအင်ကနေ တစ်ခြားစွမ်းအင်အဖြစ် ရာနုန်းပြည့်မပြောင်းနိုင်ဘူး။ ဥပမာ မင်းလက်နှစ်ဖက်ကို နာနာလေးပွတ်လိုက်၊ မင်းလက်ဘာဖြစ်သွားမလဲ ... ပူလာမာပေါ့။ ပွတ်မှုဆိုတဲ့လှုပ်ရှားမှုကနေ အပူစွမ်းအင်အဖြစ် အလွယ်တကူပြောင်းသွားနိုင်တယ်၊ ဟုတ်လား။ ဒါပေမဲ့ အပူစွမ်းအင်ကနေ အဲ့လိုလှုပ်ရှားမှုစွမ်းအင်အဖြစ် ပြောင်းဆို ... ခက်သွားပြီ။
ဒီထပ်ပိုအရေးကြီးတာက အပူစွမ်းအင်ဟာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့အရင်းမူလအကြောင်းခံ ဖြစ်နေလို့ပဲ။ မင်းတို့လည်း ကြားဖူးမာပါ၊ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ ... ဓာတ်ကြီးလေးပါးကို။ မဟာဘုတ်ကြီးလေးပါးလို့လဲ ခေါ်တယ်။ မြန်မာအယူအရတော့ အဲ့ဒီဓာတ်ကြီးလေးပါးဟာ သက်ရှိသက်မဲ့ ရုပ်ဝတ္ထုတွေအားလုံးရဲ့ အကြောင်းခံပဲ။ အဓိပ္ပါယ်က အရာအားလုံးကို အဲ့ဒီဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတယ်။ အဲ့ဒီမာ အပူဆိုတဲ့တေဇောဓာတ်ကို အသက်ဓာတ်လို့ခေါ်တယ်။ သက်ရှိတွေရဲ့အကြောင်းခံပေါ့။ တေဇောဓာတ်မရှိရင် အသက်မရှိဘူးဆိုတဲ့ အဓိပ္ပယ်ပေါ့။ (လူသေကောင်ဆို တေဇောဓာတ်မရှိတော့ အေးစက်စက်ဖြစ်နေတာပေါ့) တော်တော့်ကို မှန်တဲ့စကားပဲ၊ ရူပဗေဓမှာလည်း အပူစွမ်းအင်နဲ့ လှုပ်ရှားမှုကို ထပ်တူပြုထားတယ်။ အပူစွမ်းအင်မရှိရင် လှုပ်ရှားမှုဆိုတာ မရှိနိုင်ဘူး။ 'လှုပ်ရှားမှု' လို့ ပြောတဲ့အခါမှာလည်း သက်ရှိတင်မကဘူး၊ သက်မဲ့တွေရဲ့လှုပ်ရှားမှုပါ ပါတယ်။ (မင်းတို့စိတ်ထဲမှာ သက်မဲ့တွေဟာ ဘယ့်နှယ့်လုပ် လှုပ်ရှားသလဲလို့ မေးချင်မေးလိမ့်မယ်။ အမှန်က သက်မဲ့တွေမာလဲ အတွင်းမော်လီကျူးတွေရဲ့ လှုပ်ရှားမှုဆိုတာရှိတယ်)ဒါကြောင့်သက်ရှိတင်မဟုတ်ဘူး၊ သက်မဲ့တွေမှာလည်း အပူဆိုတဲ့ တေဇောဓာတ်ရှိတယ်။ ဒါကြောင့် အပူဆိုတာ ရုပ်ဝတ္ထုတွေရဲ့ အကြောင်းခံလို့ ပြောခဲ့တာပဲ။ တစ်ခွန်းတည်း ပြောရရင် ဘယ်လိုအရာဝတ္ထုမျိုးမဆို အပူစွမ်းအင်ရှိတယ်။ အပူသုည (Zero Temperature) ဆိုတဲ့ အရာဝတ္ထုမျိုး ဒီလောကကြီးမှာ မရှိဘူး၊ မရှိနိုင်ဘူး။